တချို့အမျိုးသားတွေ ပါးသိုင်းမွေးမထွက်ရတဲ့ အကြောင်းရင်း
ယောက်ျားလေးတွေ လူပျိုဖြစ်လာတဲ့အခါ ခန္ဓာကိုယ်မှာ အမွေးအမျှင်တွေ စုံအောင်ပေါက်လာကြတယ်ဆိုပေမယ့် ပါးသိုင်းမွေးကတော့ အံ့ဩစရာအနေနဲ့ ယောက်ျားလေးတိုင်းမှာ မပေါက်တတ်ပါဘူး။ လူမှုပတ်ဝန်းကျင်မှာတော့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဂျင်းသတင်းတွေ အပြောများတတ်ကြပါတယ်။ ဥပမာအနေနဲ့
၁။ ယောက်ျားမပီသလို့ ပါးသိုင်းမွေးမပေါက်တာ
ကျားဟော်မုန်းများတဲ့ အမျိုးသားတွေဟာ အမွေးအမျှင်ထူထပ်တယ်ဆိုပေမယ့် ပါးသိုင်းမွေးမပေါက်လို့ ယောက်ျားမပီသဘူးဆိုပြီး တစ်ယူသန်တွက်ဆလို့ မရပါဘူး။ တကယ်တမ်းမှာတော့ ဒါဟာ သာမန်ဖြစ်စဉ်တစ်ခုသာဖြစ်ပြီး ကျန်းမာရေးအရ စိုးရိမ်စရာကောင်းတာမျိုးတော့ မဟုတ်ပါဘူး။
၂။ အမွေးမကြာခဏရိတ်ရင် ပါးသိုင်းမွေးပိုပေါက်နိုင်တယ်
အမွေးရိတ်တဲ့အခါ မျက်နှာပေါ်က အမွေးအမျှင်တွေ ပိုထူလာနိုင်တယ်ဆိုတဲ့ ဂျင်းကြောင့် လူတွေဟာ ပါးသိုင်းမွေးပေါက်ဖို့ မလိုအပ်ဘဲ အမွေးအမျှင်တွေ ပိုရိတ်ဖို့ ကြိုးစားတတ်ကြပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် အမွေးရိတ်လို့ ဆံသားကို ထူထပ်စေခြင်း၊ ဆံသားမွေးညှင်းပေါက်များကို ထိခိုက်စေခြင်း လုံးဝမရှိပါဘူး။
ပါးသိုင်းမွေး မပေါက်ရတဲ့ တကယ့်အကြောင်းရင်းတွေကို စစ်ဆေးကြည့်တဲ့အခါ
၁။ မျိုးရိုးဗီဇ
ဖခင်၊ အဘိုးဖြစ်သူတွေမှာ ပါးသိုင်းမွေးပေါက်ခဲ့တယ်ဆိုရင်တော့ မွေးလာတဲ့ သားယောက်ျားလေးဟာ ပါးသိုင်းမွေးပေါက်လာနိုင်ခြေ အလွန်များပါတယ်။ အမွေးအမျှင်ဟာ မျိုးရိုးဗီဇမှာ အလွန်အဖြစ်များတဲ့ လက္ခဏာရပ်တစ်ခုဖြစ်ပါတယ်။ ဒီလို မျိုးရိုးလိုက်တာကြောင့် ထူထဲတဲ့ ပါးသိုင်းမွေးတွေတင်မကဘဲ အသံဩတာ၊ ကျားဟော်မုန်း ထုတ်လုပ်မှုအားကောင်းတာ၊ ဆံသားမွေးညှင်းပေါက်တွေ လှုံ့ဆော်မှုအားကောင်းတာတွေပါ အဖြစ်များပါတယ်။
၂။ အသက်အရွယ်
များသောအားဖြင့် ယောက်ျားလေးတွေမှာ အသက် ၃၀ မတိုင်ခင်အထိ ပါးသိုင်းမွေးလုံးဝမပေါက်တတ်ဘဲ အသက် ၃၀ နောက်ပိုင်းမှသာ ပါးသိုင်းမွေးပေါက်လာတတ်ကြတာ၊ အမွေးအမျှင် ထူလာတာမျိုး တွေ့ရတတ်ပါတယ်။ ဒါကတော့ ယောက်ျားလေးတွေမှာ ပိုအဖြစ်များတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပြီး ဒီပါးသိုင်းမွေးပေါက်တဲ့နှုန်းကို ပိုမြန်အောင် လုပ်ပေးနိုင်တာမျိုး မရှိဘဲ သဘာဝအတိုင်းသာ ဖြစ်လာနိုင်ပါတယ်။
၃။ လူမျိုးစု
အနောက်နိုင်ငံလူမျိုး၊ လူမည်းလူမျိုးတွေဟာ အာရှလူမျိုးတွေထက် ပါးသိုင်းမွေး ပေါက်နိုင်ခြေ ပိုများတာကို တွေ့ရပါတယ်။ များသောအားဖြင့် အာရှလူမျိုးတွေဟာ ခန္ဓာကိုယ်ရဲ့ တချို့နေရာတွေမှာသာ အမွေးအမျှင်ပေါက်နိုင်ပြီး အနောက်နိုင်ငံသားတွေကတော့ ပါးစောင်၊ မေး၊ လည်ပင်းနဲ့ ပါးပြင်တွေမှာပါ အမွေးအမျှင်တွေ ထူထူထဲထဲ ပေါက်နိုင်ပါတယ်။
၄။ Alopecia Areata
ဒီရောဂါကတော့ ကိုယ်ခံအားစနစ်က ဖောက်လွဲဖောက်ပြန်ဖြစ်ပြီး ဆံသားမွေးညှင်းပေါက်တွေကို ပြန်တိုက်ခိုက်တာကြောင့် ဆံသားတွေ အကွက်လိုက်ကျွတ်တဲ့ ရောဂါဖြစ်ပါတယ်။ ဒီရောဂါအတွက် ကုသနိုင်တဲ့ ဆေးဝါးများမရှိသေးပေမဲ့ စတီးရွိုက်ဆေးထိုးတာ၊ ကော်တီစုန်းဆေးဝါးအကူအညီတွေအပြင် လိုအပ်တဲ့ လိမ်းဆေး၊ သောက်ဆေးတွေပေးတာမျိုး လုပ်နိုင်ပါတယ်။
၅။ ကျားဟော်မုန်းနည်းခြင်း
အချို့သောအခြေအနေတွေမှာ ကျားဟော်မုန်းနည်းတာကြောင့် ပါးသိုင်းမွေးမပေါက်တာ အဖြစ်များပါတယ်။ သင့်တင့်တဲ့ပမာဏအောက် ကျားဟော်မုန်းထုတ်လုပ်မှု လျော့နည်းနေတဲ့အခါ ပါးသိုင်းမွေးအပြင် ခန္ဓာကိုယ်တစ်ခုလုံးမှာ အမွေးအမျှင်တွေ ပေါက်တာ နည်းသွားနိုင်ပါတယ်။ ဒီလက္ခဏာအပြင်
· လိင်စိတ်ဆန္ဒ နည်းပါးခြင်း
· လိင်တံထောင်မတ်နိုင်မှုကျဆင်းခြင်း
· မောပန်းလွယ်ခြင်း
· ကြွက်သားတည်ဆောက်ရန် ခက်ခဲခြင်း
· ခန္ဓာကိုယ် အဆီထုတက်ရန် လွယ်ကူခြင်း
· စိတ်အပြောင်းအလဲမြန်ခြင်း
· စိတ်ဆိုးဒေါသထွက်လွယ်ခြင်း စတဲ့လက္ခဏာတွေကိုပါ တွဲပြီး တွေ့နိုင်ပါတယ်။
ပါးသိုင်းမွေးပေါက်ခြင်းဟာ ကျန်းမာရေးအရ စိုးရိမ်စရာမရှိပေမဲ့ သင့်အနေနဲ့ အရေပြားဆရာဝန် ဒါမှမဟုတ် အမျိုးသားရောဂါကုဆရာဝန်တွေနဲ့ ပြသကြည့်နိုင်ပါတယ်။
ရေးသားသူ - ရဲမျိုးမြတ်
John William 20 Jul 2023 |
အမျိုးသားကျန်းမာရေးဆရာဝန်များနှင့် ဆွေးနွေးချင်ပါသည်။